Eleven Media Group

MetLife Stadium က ဂေါ့ဖ်ကစားဖို့သာ ပိုသင့်လျော်လိမ့်မယ်လို့ နီကိုကိုဗက် ပြောကြား

Photo: Getty Images

ဒေါ့မွန်အသင်းရဲ့နည်းပြ နီကိုကိုဗက်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ MetLife Stadium ဟာ ဘောလုံးကစားဖို့ထက် ဂေါ့ဖ်ကစားဖို့သာ ပိုသင့်လျော်လိမ့်မယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ရီးယဲလ်ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲကို အဲဒီကွင်းမှာ ကစားခဲ့ရသလို၊ အုပ်စုအဖွင့်ပွဲကိုလည်း အဲဒီကွင်းမှာပဲ ကစားခဲ့ရပါတယ်။
နီကိုကိုဗက်က ကွင်းရဲ့ မြက်တွေက တိုလွန်းနေကြောင်းနဲ့ တခြားကစားခဲ့ရတဲ့ ကွင်းနှစ်ကွင်းကလည်း အတူတူပဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
''ဒါက ဂေါ့ဖ်ကွင်းလုပ်ဖို့ ပိုသင့်လျော်တဲ့ မြက်တွေပါ။ မြက်တွေက အရမ်းတိုလွန်းပါတယ်။ ဘွန်ဒစ်လီဂါမှာ ကျွန်တော်တို့အသုံးပြုနေတဲ့ မြက်တွေလိုလည်း မဟုတ်ပါဘူး။ တခြားကွင်းနှစ်ကွင်းလည်း အတူတူပါပဲ'' လို့ နီကိုကိုဗက်က ပြောကြားခဲ့တာပါ။
နီကိုကိုဗက်က နေ့လယ်ပိုင်း အပူချိန်ပြင်းထန်နေချိန်မှာ ယှဉ်ပြိုင်ကစားစေတဲ့အတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
MetLife Stadium ဟာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရမယ့်ကွင်းဖြစ်သလို၊ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမယ့်ကွင်းလည်း ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group