
အင်တာမိုင်ယာမီနည်းပြ မာရှေရာနိုက မွန်ထရီယဲလ်နဲ့ပွဲမှာ ၀ါရင့်တိုက်စစ်မှူး မက်ဆီကို ပွဲချိန်ပြည့်အသုံးပြုခဲ့ခြင်းအတွက် ကာကွယ်ပြောကြားခဲ့ပါတယ်။
အဲဒီ မေဂျာလိဂ်ပွဲစဉ်မှာ မာရှေရာနိုက ကစားသမား (၅)ဦးအပြည့် လူစားလဲအသုံးပြုခဲ့ပေမဲ့ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီကို ပွဲချိန်ပြည့်ကစားစေခဲ့တဲ့အတွက် ဝေဖန်မှုအချို့ ရှိခဲ့ပါတယ်။
အဲဒီပွဲမှာ မက်ဆီက အင်တာမိုင်ယာမီအသင်းအတွက် ခြေစွမ်းပြကစားပြီး (၂)ဂိုးသွင်းယူပေးခဲ့သလို၊ အင်တာမိုင်ယာမီအသင်းက မိနစ်(၆၀)စွန်းစွန်းမှာကတည်းက (၄-၁)ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။
ဒါကြောင့် မက်ဆီကို အနားပေးသင့်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
မာရှေရာနိုကတော့ ''လီယိုက ဘောလုံးကစားနေရတဲ့အချိန်မှာ အပျော်ရွှင်ဆုံးဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ သူက ကြံ့ခိုင်မှုပြည့်ဝနေပြီး ဆက်ပြီးတော့လည်း ကစားချင်နေတာကြောင့် ခွင့်ပြုပေးခဲ့တာပါ။ သူ ကွင်းထဲမှာရှိနေရင် အသင်းအတွက် ကြီးမားတဲ့အားသာချက်လည်း ဖြစ်စေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ မာရှေရာနိုက မက်ဆီနဲ့ သက်တူရွယ်တူဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကိုလည်း ပွဲချိန်ပြည့်အသုံးပြုခဲ့ပါတယ်။