
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဒီယေဂိုလီယွန်က မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါရာဂွေးကစားသမား ဒီယေဂိုလီယွန်(၁၈ နှစ်)ဟာ ဘယ်နောက်ခံနေရာနဲ့ ဘယ်တောင်ပံနေရာတွေမှာ ကစားသူပါ။
သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာကတည်းက ဒီနွေမှာ ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရယူထားခဲ့တာပါ။
ဒီယေဂိုလီယွန်ဟာ ပါရာဂွေးကလပ် ဆယ်ရိုပေါ်တေညိုအသင်းမှာ ၂၀၂၄ ခုနှစ်ကတည်းက ပွဲထွက်ကစားခွင့် ရရှိနေခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃.၃)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဒီယေဂိုလီယွန်က ''မန်ချက်စတာယူနိုက်တက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမှတ်တံဆိပ်ကို ကာကွယ်ဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း အရင်ဆုံးပြောချင်ပါတယ်။ ပြီးတော့ လေ့ကျင့်မှုမှာရော ကွင်းတွင်းကွင်းပြင်မှာပါ အကောင်းဆုံးဖြစ်စေရမယ်လို့ ကတိပေးပါတယ်။ ယုံကြည်ပေးခဲ့တဲ့ ကလပ်အသင်းကိုရော ကျွန်တော့်ဘက်မှာ အမြဲရပ်တည်ပေးခဲ့တဲ့ မိသားစုကိုရော ကျေးဇူးတင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် ပျော်ရွှင်စရာတွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။