Eleven Media Group

ရာသီကြိုပြင်ဆင်မှုအတွက် လီဗာပူးလ်ကစားသမားတွေ အင်္ဂါနေ့မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမယ်

Photo: Liverpool FC

လီဗာပူးလ်အသင်းက ရာသီကြိုပြင်ဆင်မှုအတွက် ကစားသမားတွေအနေနဲ့ အင်္ဂါနေ့မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမယ်လို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက အသင်းနဲ့ ပြန်လည်ပူးပေါင်းရမယ့်အချိန်ကို မူလတုန်းက ဇူလိုင်(၄)ရက်လို့ သတ်မှတ်ခဲ့ပေမဲ့ တောင်ပံကစားသမား ဂျိုတာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် အခုလို အပြောင်းအလဲဖြစ်သွားခဲ့တာပါ။
လီဗာပူးလ်အသင်းက ရာသီကြိုကာလမှာ ခြေစမ်းပွဲ(၅)ပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပြီး ပထမဆုံးပွဲစဉ်အဖြစ် ပရက်စတန်အသင်းနဲ့ ဇူလိုင် (၁၃)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဇူလိုင်(၈)မှာ ကစားသမားတွေ အသင်းနဲ့ပြန်လည်ပူးပေါင်းရမယ်လို့ ညွှန်ကြားထားတာပါ။
လီဗာပူးလ်အသင်းက ဒီနှစ်နွေရာသီမှာ အာရှကို ရာသီကြိုခြေစမ်းခရီး ထွက်ခွာမှာဖြစ်ပြီး ဟောင်ကောင်နဲ့ ဂျပန်မှာ အေစီမီလန်၊ ယိုကိုဟားမားမာရီနို့စ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့လည်း သိရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ရာသီသစ်အတွက် ကစားသမားသစ်(၆)ဦး ခေါ်ယူအားဖြည့်ထားပေမဲ့ ဂျိုတာကို ဆုံးရှုံးခဲ့ရတာကြောင့် ထပ်မံအားဖြည့်ဖွယ် ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group