
ချယ်လ်ဆီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုရှိစေဖို့အတွက် ကစားသမားရောင်းချမှုကနေ ပေါင်သန်း(၆၀)ကျော်ရရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် (၈)ဦး ခေါ်ယူထားပြီး ပေါင်သန်း (၂၃၀)နီးပါး သုံးစွဲထားပါတယ်။
အသင်းက ထွက်ခွာသွားတဲ့ ကစားသမား(၄)ဦးအတွက် ရရှိတဲ့ငွေကြေးက ပေါင်(၁၇)သန်းဝန်းကျင်သာရှိတာကြောင့် အသားတင်အသုံးစရိတ်က ပေါင်သန်း(၂၁၀)ဝန်းကျင်ရှိနေပါတယ်။
ဒါကြောင့် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအားလုံးကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်ဖို့ဆိုရင် ကစားသမားရောင်းချမှုကနေ ပေါင်သန်း(၆၀)ကျော် ရရှိဖို့လိုအပ်နေတယ်လို့ The Times က ဖော်ပြခဲ့တာပါ။
UEFA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ချယ်လ်ဆီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ ဒဏ်ငွေ ပေါင်(၂၆.၇)သန်း ချမှတ်ထားပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ကစားသမားသစ်အများအပြားကို ရောင်းထုတ်ဖို့ စီစဉ်နေသလို၊ ကစားသမားသစ် ထပ်ခေါ်ဖို့လည်း လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။