Eleven Media Group

ဇူဘီမန်ဒီကို လျော်ကြေးစာချုပ်တန်ဖိုးထက် အာဆင်နယ် ပိုပေးခဲ့ရ

Photo: Arsenal

အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူခဲ့ရာမှာ လျော်ကြေးစာချုပ်တန်ဖိုးထက် ပိုပေးခဲ့ရတယ်လို့ သိရပါတယ်။
ဇူဘီမန်ဒီ(၂၆ နှစ်)က ဆိုစီဒက်အသင်းနဲ့ ပေါင်(၅၁)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး အာဆင်နယ်အသင်းက ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့ရတာပါ။
စပိန်မှာက လျော်ကြေးစာချုပ်တန်ဖိုးနဲ့ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို တစ်ကြိမ်တည်းနဲ့ အပြီးအပြတ် ပေးချေရမှာဖြစ်ပြီး အာဆင်နယ်အသင်းက တစ်နှစ်ချင်းသာ အရစ်ကျပေးချေလိုတာကြောင့် လျော်ကြေးစာချုပ်တန်ဖိုးထက် ပိုပေးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ မကြိုးစားခဲ့တာဟာလည်း ပေါင်သန်း(၅၀)တန်လျော်ကြေးစာချုပ် ချုပ်ဆိုထားတာကြောင့်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက နောက်ထပ် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတာကြောင့် ကစားသမားတစ်ဦးတည်းအတွက် ပြောင်းရွှေ့ကြေးများစွာ တစ်ကြိမ်တည်းသုံးစွဲရမှာမျိုးကို ရှောင်ရှားနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group