
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ ဒီရက်သတ္တပတ်အတွင်း တိုက်စစ်မှူးတစ်ဦး အမြန်ဆုံးခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အင်တာမီလန်နည်းပြဟောင်း အင်ဇာဂီ ကိုင်တွယ်နေတဲ့ အယ်လ်ဟီလာအသင်းဟာ မီထရိုဗစ်၊ မားကို့စ်လီယိုနာဒို၊ မယ်လ်ကွန်တို့လို တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားပေမဲ့ ထိပ်တန်းတိုက်စစ်မှူး ထပ်ခေါ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်နဲ့ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်တို့ကို ပစ်မှတ်ထားနေပါတယ်။
အင်ဇာဂီက အယ်လ်ဟီလာအသင်းကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီးတဲ့နောက် လာမယ့်ရာသီမှာ ဆုဖလားတွေကို ပိုမိုစိန်ခေါ်နိုင်ဖို့အတွက် ထိပ်တန်းအားဖြည့်မှုတွေ အမြန်ဆုံးပြုလုပ်လိုနေကြောင်းလည်း သိရပါတယ်။
အယ်လ်ဟီလာအသင်းဟာ အိုဆင်မန်နဲ့ ဗလာဟိုဗစ် နှစ်ဦးစလုံးနဲ့ ဆွေးနွေးနေပြီဖြစ်ပေမဲ့ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အလားအလာပိုများတယ်လို့ သိရပါတယ်။
ဗလာဟိုဗစ်က ၂၀၂၆ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်အသင်းက ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။