
ရီးယဲလ်အသင်းရဲ့ ကစားသမားဟောင်း တိုနီကရို့စ်က လက်ရှိ ရီးယဲလ်အသင်းမှာ မိမိလို ကစားသမားမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
တိုနီကရို့စ်ဟာ ရီးယဲလ်အသင်းမှာ (၄၆၅)ပွဲကစားကာ (၂၈)ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
တိုနီကရို့စ်က ၂၀၂၄ နွေရာသီမှာ အသက်(၃၄)နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိ ရီးယဲလ်အသင်းနဲ့ ပတ်သက်ပြီး တိုနီကရို့စ်က အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပေမဲ့ သူ့လိုကစားသမားတော့ လိုအပ်နေသေးတယ်လို့ သုံးသပ်ခဲ့တာပါ။
''ကျွန်တော့်လိုကစားသမားမျိုးကို ရီးယဲလ်အသင်း ရှာဖွေနေရတုန်းပါပဲ။ ဒီလိုကစားသမားမျိုးက အများကြီးမရှိပါဘူး။ ဒါကြောင့် အစားထိုးနိုင်ဖို့ မလွယ်ပါဘူး။ ဒီအတွက် ကွင်းလယ်မှာ ထိန်းချုပ်နိုင်မှု အားနည်းနိုင်ပါတယ်။ ရှာဘီအလွန်ဆိုကို အကဲဖြတ်ဖို့တော့ စောပါသေးတယ်။ ဒါပေမဲ့ သူက ဘယ်လိုအပြောင်းအလဲတွေ လုပ်ဆောင်ရမလဲဆိုတာ သိရှိနေမှာ သေချာပါတယ်။ ကစားသမားကောင်းတွေလည်း အများကြီးရှိနေတာကြောင့် အသင်းက ကောင်းလာမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။