Eleven Media Group

ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ

Photo: Getty Images

ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
ဆန်ချို(၂၅ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းဆီ အငှားချခံခဲ့ရသလို၊ မန်ယူနည်းပြ အာမိုရင်မ်က အသင်းမှာ နေရာမပေးလိုတော့တာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။
ဒီအခြေအနေမှာ ဂျူဗင်တပ်စ်အသင်းက ဆန်ချိုကို ချဉ်းကပ်ခဲ့ပြီး တစ်နှစ်လစာ ယူရို(၅)သန်းနှုန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ ဆက်လက်ညှိနှိုင်းခဲ့ရာမှာတော့ မန်ယူအသင်းက ယူရိုသန်း(၃၀) အလိုရှိနေပြီး ဂျူဗင်တပ်စ်အသင်းက ယူရို(၂၅)သန်းသာ ပေးချေလိုတာကြောင့် အဆင်မပြေသေးဘူးလို့ သိရပါတယ်။
ဆန်ချိုကို နာပိုလီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ လစာနှုန်းထားကြောင့် လက်လျှော့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group