Eleven Media Group

FIFA-MFF ယူ-၁၅ လိဂ်ဗိုလ်လုပွဲကို ရွိုင်ရယ်ရန်ကုန်နဲ့ ရှမ်းတောင်အသင်း တက်ရောက်

Photo: MFF

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က စီစဉ်ကျင်းပတဲ့ FIFA-MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ရွိုင်ရယ်ရန်ကုန်နဲ့ ရှမ်းတောင်အသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် ဇူလိုင် ၇ ရက် နံနက် ၉ နာရီမှာ ရွိုင်ရယ်ရန်ကုန်နဲ့ STNM အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရွိုင်ရယ်ရန်ကုန်အသင်းက (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် ညနေ ၃ နာရီမှာ ရှမ်းတောင်နဲ့ Mar Rein အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းတောင်အသင်းက (၃-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် တတိယနေရာလုပွဲအဖြစ် ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီမှာ STNM အသင်းနဲ့ Mar Rein အသင်း၊ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ညနေ ၃ နာရီမှာ ရွိုင်ရယ်ရန်ကုန်အသင်းနဲ့ ရှမ်းတောင်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

FIFA-MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို အသင်း ၂၄ သင်းနဲ့ ဇုန်သုံးခုခွဲပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ စတင်ကျင်းပခဲ့တာပါ။

ပြိုင်ပွဲဝင်အသင်းအရေအတွက် နည်းပါးတဲ့ မန္တလေးနဲ့ တောင်ကြီးဇုန်ကို နှစ်ကျော့၊ ရန်ကုန်ဇုန်ကို တစ်ကျော့စနစ်နဲ့ ကျင်းပခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group