
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေကို နိုင်ငံခြားသားကစားသမား (၇) ဦးအထိ ခေါ်ယူခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဟာ ဒီနှစ်ထဲကျင်းပမယ့် ၂၀၂၅- ၂၀၂၆ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အပြောင်းအလဲတချို့ ပြုလုပ်နေလျက်ရှိပါတယ်။
AFF ဟာ ဒီနှစ်ပြိုင်ပွဲကစပြီး ပြိုင်ပွဲဝင်အသင်းတွေကို နိုင်ငံခြားသားကစားသမား ခေါ်ယူခွင့် တိုးပေးတဲ့အနေနဲ့ တစ်သင်းကို အာဆီယံကစားသမားတစ်ဦးအပါအဝင် (၇) ဦး (6+1) စည်းမျဥ်းနဲ့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ချီးမြှင့်မယ့်ဆုကြေးတွေကိုလည်း ပြီးခဲ့တဲ့ရာသီကထက် ထပ်တိုးပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
၂၀၂၅- ၂၀၂၆ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေး အမေရိကန်ဒေါ်လာ (၄၂၅၀၀၀)၊ ဒုတိယရအသင်းဟာ ဆုကြေး အမေရိကန်ဒေါ်လာ (၂၁၅၀၀၀) ရရှိမှာ ဖြစ်ပါတယ်။
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းဟာ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ လာအိုကလပ် Ezra အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲပထမအကျော့အဖြစ် သြဂုတ် (၈) ရက်မှာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ကို သွားပြီး အဝေးကွင်းကစားရမှာ ဖြစ်ပါတယ်။ သြဂုတ် (၁၅) ရက်မှာတော့ ရန်ကုန်မြို့မှာ အိမ်ကွင်းလက်ခံကစားရမှာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်ခဲ့ပါက ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားကလပ်အသင်းတွေပါဝင်တဲ့ အုပ်စု (B) အတွင်း ကျရောက်မှာ ဖြစ်ပါတယ်။