Eleven Media Group

■ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် (၃) သင်း အပြိုင်ကမ်းလှမ်း

Photo: Getty Images

မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်း (၃) သင်းက အပြိုင်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အသက် (၂၉) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မန်စီးတီးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် အခုနွေမှာ အသင်းပြောင်းရွှေ့ရဖို့ သတင်းထွက်နေတာပါ။

ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေအပြင် ဥရောပကလပ်အသင်းများစွာ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်ဟီလာနဲ့ Neom အသင်းတွေဟာ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး သူ့ရဲ့တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀)ကိုလည်း ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ဂရီးလစ်ရှ်ကို ခေါ်ယူချင်ပေမဲ့ မြင့်မားလှတဲ့ သူ့ရဲ့လစာကို ပေးချေလိုခြင်းမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒါကြောင့် မန်စီးတီးအသင်းမှာ ရရှိတဲ့ လစာအတိုင်း အလိုရှိနေတဲ့ ဂရီးလစ်ရှ်အနေနဲ့ ဆော်ဒီကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

မူရင်းသတင်း — Eleven Media Group