
၂၀၂၄- ၂၀၂၅ ရာသီ FIFA-MFF ယူ- ၁၅ လိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲကို မနက်ဖြန် (ဇူလိုင် ၁၀) မှာ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ရွိုင်ရယ်ရန်ကုန်နဲ့ ရှမ်းတောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
တတိယနေရာလုပွဲအဖြစ် ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီမှာ STNM အသင်းနဲ့ Mar Rein အသင်း၊ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ညနေ ၃ နာရီမှာ ရွိုင်ရယ်ရန်ကုန်အသင်းနဲ့ ရှမ်းတောင်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေကို Free to Air ရုပ်သံလိုင်းဖြစ်တဲ့ Reader Channel ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် ပြီးခဲ့တဲ့ဇူလိုင် ၇ ရက် နံနက် ၉ နာရီမှာ ရွိုင်ရယ်ရန်ကုန်နဲ့ STNM အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရွိုင်ရယ်ရန်ကုန်အသင်းက (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် ညနေ ၃ နာရီမှာ ရှမ်းတောင်နဲ့ Mar Rein အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းတောင်အသင်းက (၃-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီရာသီ FIFA-MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို အသင်း ၂၄ သင်းနဲ့ ဇုန်သုံးခုခွဲပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။