
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးသန်းပိုင်ဟာ ထိုင်းလိဂ်- ၂ ကလပ် ထရတ်အသင်းမှာ ကျောနံပါတ် (၉) ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
ထရတ်အသင်းနဲ့ သန်းပိုင်တို့ဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက အကြိုသဘောတူညီမှုရရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ရာသီစာချုပ် ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
ထရတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန် ထိုင်းလိဂ်- ၂ ပြိုင်ပွဲမှာ အဆင့် (၁၅) နေရာအထိ ရောက်ရှိခဲ့တာကြောင့် လာမယ့်ရာသီအတွက် ကစားသမားသစ်တွေ ခေါ်ယူဖြည့်တင်းနေပြီး ပြင်ဆင်မှုတွေ ကြီးကြီးမားမား လုပ်ဆောင်နေပါတယ်။
သန်းပိုင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ်- ၂ အသင်းတစ်သင်းဖြစ်တဲ့ ကန်ချနာဘူရီပါဝါအသင်းမှာ သွားရောက်ကစားခဲ့ပြီး ပုံမှန်ပွဲထွက် ကစားခွင့်ရခဲ့ကာ (၄) ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကန်ချနာဘူရီပါဝါအသင်းဟာ ရာသီကုန်မှာ အဆင့် (၄) ရခဲ့တာကြောင့် တန်းတက်ခွင့်အတွက် Play-off ဆက်ကစားခဲ့ရပါတယ်။
ကန်ချနာဘူရှပါဝါအသင်းဟာ Play- off Final မှာ ဖာရေးယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီး လာမယ့်ရာသီမှာ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို တက်ရောက်ကစားခွင့်ရခဲ့ပေမဲ့ သန်းပိုင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
သန်းပိုင်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ပြည်ပထွက်ကစားနေသူဖြစ်ပြီး ထိုင်းလိဂ်ကလပ်အသင်း (၃) သင်းမှာ ကစားထားပြီးဖြစ်ပါတယ်။