Eleven Media Group

■ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမှာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ မာရက်စကာ ပြောကြား

Photo: Getty Images

ချယ်လ်ဆီးနည်းပြ မာရက်စကာက ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းမှာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇူလိုင် (၈) ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းကို ကစားသမားသစ် ဂျော်အိုပတ်ဒရိုရဲ့ သွင်းဂိုး (၂) ဂိုးနဲ့အတူ (၂-၀) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။

ဒါကြောင့် ချယ်လ်ဆီးနည်းပြ မာရက်စကာက "ဒါက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် (၄) ရပြီး ကွန်းဖရန့်လိဂ်ဖလားလည်း ရခဲ့တယ်။ အခု ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်နေပါပြီ။ အဲဒီအတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်"လို့ ပြောဆိုခဲ့တာပါ။

ပြီးတော့ မာရက်စကာက ဖလူမင်နိစ်အသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အသင်းတိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ PSG-ရီးယဲလ်မက်ဒရစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group