
ချယ်လ်ဆီးတိုက်စစ်ကစားသမားသစ် ဂျော်အိုပတ်ဒရိုက ဖလူမင်နိစ်နဲ့ပွဲမှာ (၂) ဂိုးသွင်းပြီးနောက် အသင်းအတွက် ဂိုးစသွင်းနိုင်တယ်လို့ အရမ်းပျော်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် (၂၃) နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုဟာ ဇူလိုင် (၂) ရက်ကမှ ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီသို့ ပေါင်သန်း (၆၀) နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂျော်အိုပတ်ဒရိုဟာ ဇူလိုင် (၈) ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ချယ်လ်ဆီး (၂-၀) ဖလူမင်နိစ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို လှလှပပသွင်းယူနိုင်ခဲ့တာပါ။
သူ့အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ကစားခဲ့တဲ့ ဒုတိယပွဲစဉ်မှာ ဂိုးစသွင်းနိုင်ခဲ့တာဖြစ်ပြီး အခုလို စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အရမ်းပျော်တယ်လို့ ပြောကြားခဲ့တာပါ။
ဂျော်အိုပတ်ဒရိုက "အိပ်မက်လိုပါပဲ။ အခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ မထင်ထားပါဘူး။ ဂိုး (၂) စလုံးကို သွင်းယူနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးစသွင်းနိုင်လို့ ကျွန်တော် ပျော်ပါတယ်။ ဖလူမင်နိစ်အသင်းအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်က ပရော်ဖက်ရှင်နယ်ကစားသမားပါ။ အခု ကျွန်တော် ချယ်လ်ဆီးအတွက် ကစားနေတာပါ။ သူတို့အတွက် ဂိုးသွင်းနိုင်လို့ ကျွန်တော် ပျော်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းဟာ ဂျော်အိုပတ်ဒရိုရဲ့ ငယ်မွေးခြံပေါက်အသင်းဖြစ်ပြီး သူဟာ ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းပြီးချိန်မှာ ဖလူမင်နိစ်အသင်းကို လေးစားကြောင်း ပြသတဲ့အနေနဲ့ အောင်ပွဲခံခြင်း မရှိခဲ့ပါဘူး။
Photos: Chelsea