Eleven Media Group

■ မိမိဟာ ဘာစီလိုနာပရိသတ်ဖြစ်ပြီး ရီးယဲလ်ကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ PSG နည်းပြ အန်နရီကေး ဆို

Photo: Getty Images

PSG အသင်းနည်းပြ အန်နရီကေးက မိမိဟာ ဘာစီလိုနာပရိသတ်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

PSG အသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အန်နရီကေးဟာ ကစားသမားဘဝမှာ ရီးယဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းမှာ ကစားခဲ့ဖူးသလို၊ နည်းပြဘဝမှာလည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖူးပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးတာပါ။

ဒါကြောင့် အန်နရီကေးဟာ ဘာစီလိုနာပရိသတ်တစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူဖို့ ပိုပြီးစိတ်အားထက်သန်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အန်နရီကေးက "ရီးယဲလ်မက်ဒရစ်နဲ့ ကစားရတာ အရမ်းကောင်းပါတယ်။ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးအသင်းနဲ့ ပြိုင်ဘက်အဖြစ် ကစားရတာဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော အမြဲတမ်းအကောင်းဆုံး ဖြစ်နေမှာပါ။ ကျွန်တော်က ဘာစီလိုနာပရိသတ်ဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော်က ဘာစီလိုနာအသင်းရဲ့ အဖွဲ့ဝင်ဖြစ်နေဆဲဖြစ်ပြီး စပို့တင်းဂီဂျွန်အသင်းရဲ့ ပရိသတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖို့နဲ့ အနိုင်ယူဖို့ အမြဲစိတ်အားထက်သန်နေပါတယ်"လို့ ပြောကြားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group