Eleven Media Group

■ ကမ်းလှမ်းမှုတွေကို လီဗာပူးလ်အသင်းနဲ့အတူ အကဲဖြတ်နေတယ်လို့ ဒီယက်ဇ် ဝန်ခံ

Photo: AFP

လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်က သူ့အတွက် ကမ်းလှမ်းမှုတွေကို လီဗာပူးလ်အသင်းနဲ့အတူ တိုင်ပင်ပြီး အကဲဖြတ်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်တိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ အခုနွေမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီယက်ဇ်ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဒီယက်ဇ်အတွက် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပေမဲ့ အခုအခါ ကစားသမားက သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီယက်ဇ်က "ကျွန်တော် ညှိနှိုင်းနေပါတယ်။ အသင်းအတွက်၊ ကျွန်တော်တို့အတွက် ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်ဖို့နဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ်းလှမ်းထားတဲ့ ကလပ်တွေနဲ့ ဆွေးနွေးနေသလို လီဗာပူးလ်အသင်းနဲ့လည်း ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၃၆) ပွဲမှာ (၁၃) ဂိုးသွင်းယူခဲ့တာပါ။

Photos: Getty Images & AFP

မူရင်းသတင်း — Eleven Media Group