Eleven Media Group

■ ကူဒူစ်ကို ပေါင် (၅၅) သန်းနဲ့ ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိ

Photo: Getty Images

စပါးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ်ကို ပေါင် (၅၅) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

စပါးအသင်းဟာ ကူဒူစ်ကို ခေါ်ယူဖို့ နွေရာသီအပြောင်းအရွှေ့စျေးကွက်စဖွင့်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြီး အခု ဝက်စ်ဟမ်းအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြမှုအရ စပါးအသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ကူဒူစ်ကို ဆေးစစ်ဆေးမှု ပြုလုပ်ဖို့ စီစဉ်ထားပြီး (၆) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

အသက် (၂၄) နှစ်အရွယ် ဂါနာကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ်ဟာ ၂၀၂၃ နွေမှာ အေဂျက်စ်အသင်းကနေ ဝက်စ်ဟမ်းအသင်းဆီကို ပေါင် (၃၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

သူဟာ ကွင်းလယ်တိုက်စစ်နေရာသာမက တောင်ပံတိုက်စစ်မှာလည်း ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဝက်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲမှာ (၅) ဂိုးသွင်းယူခဲ့ပါတယ်။

စပါးအသင်းဟာ ကူဒူစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် ဘရန့်ဖို့ဒ်တိုက်စစ်ကစားသမား ဝစ်ဆာကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group