
ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) (ပေါင် ၅၁.၆ သန်း)သာ ပေးချေလိုနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေမှာ ဒီယက်ဇ်ကို ခေါ်ယူဖို့ စပိန်ထိပ်သီး ဘာစီလိုနာ၊ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့အပြိုင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒီယက်ဇ်ကို ရောင်းချလိုခြင်းမရှိပေမဲ့ ကစားသမားက ကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေတယ်လို့ ဝန်ခံထားတာပါ။
စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ဒီယက်ဇ်ကို ယူရိုသန်း (၈၀) နဲ့ ယူရို (၈၅)သန်းကြား ပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံမယ်ဆိုတဲ့ သဘောတူညီချက်ရှိထားကြောင်း သိရပါတယ်။
အဲဒီပမာဏမှာ အခု ဘိုင်ယန်မြူးနစ်အသင်း ပေးချေလိုနေတဲ့ ယူရိုသန်း (၆၀) နဲ့ များစွာ ကွာဟနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဒီယက်ဇ်ကို ရောင်းထုတ်လိုခြင်းမရှိဘဲ မဖြစ်သာမှ လက်လွှတ်မယ့်အနေအထားရှိတယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
Photos: EPA & Getty Images