
ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာက ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ PSG အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းပရိသတ်တွေကို တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဇူလိုင် (၉) ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ PSG အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ (ဝ-၄) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ရီးယဲလ်မက်ဒရစ်နောက်တန်းက အမှားများခဲ့ပြီး ပွဲအစ (၉) မိနစ်မှာပဲ (၂) ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာတင် (ဝ-၃) ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ကာ ပွဲအပြီးမှာ (ဝ-၄) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာက အသင်းပရိသတ်တွေကို တောင်းပန်ကြောင်း ပြောကြားခဲ့တာပါ။
ကော်တိုအာက "ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ပြဿနာက ဘာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အသင်းလိုက် Press မလုပ်နိုင်ခဲ့တာပါ။ ပွဲအစမှာပဲ ကျွန်တော်တို့ အမှားအကြီးကြီး (၂) ခု ပြုလုပ်ခဲ့ပြီး အဲဒါက ကျွန်တော်တို့အပေါ် သက်ရောက်ခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ အလွန်ဆိုရဲ့ Game Plan အတိုင်း မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ အချိန်ယူဖို့ လိုပြီး ဒီပွဲအရှုံးကို လေ့လာဆန်းစစ်ရမှာပါ။ ဒီပွဲမှာ ကျွန်တော် မြင်ရတာကတော့ ကျွန်တော်တို့ဟာ PSG ထက် အရာအားလုံးမှာ နောက်ကျပါတယ်"လို့ ပြောကြားခဲ့တာပါ။