Eleven Media Group

■ သူ့ဒဏ်ရာအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိဘူးလို့ မူဆီယာလာ ပြောကြား

ဘိုင်ယန်မြူးနစ်ကွင်းလယ်တိုက်စစ်ကစားသမား မူဆီယာလာက သူ့ဒဏ်ရာအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား မူဆီယာလာဟာ ဇူလိုင် (၅) ရက်က ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ် PSG (၂-၀) ဘိုင်ယန်မြူးနစ်ပွဲမှာ PSG ဂိုးသမား ဒွန်နာရမ်မာနဲ့ ထိခိုက်မိပြီး ခြေချင်းဝတ်ရိုးကျိုးသွားခဲ့တာပါ။

မူဆီယာလာဟာ အခုအခါ သူ့ရဲ့ Instagram မှာ ဗီဒီယိုဖိုင်တင်ပြီး သူ့ကို အားပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒဏ်ရာအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မူဆီယာလာက "အခုလို ဒဏ်ရာရသွားချိန်မှာ ဘောလုံးကမ္ဘာက ကျွန်တော့်ကို ဂရုတစိုက်အားပေးခဲ့ကြတာကို မြင်ရတာ အရမ်းကောင်းပါတယ်။ ခွဲစိတ်မှုက အောင်မြင်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုမျိုးတွေ ဖြစ်တတ်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာ ကျွန်တော့်အနေနဲ့ ဒဏ်ရာက ပြန်လည်သက်သာဖို့ အာရုံစိုက်ပြင်ဆင်နေပါတယ်"လို့ ပြောကြားခဲ့တာပါ။

မူဆီယာလာဟာ အခုဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group