
စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းနေကြောင်း သိရပါတယ်။
နာပိုလီအသင်းဟာ အသက် (၂၁) နှစ်အရွယ် အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီက ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
The Mirror ရဲ့ ဖော်ပြချက်အရ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဂါနာချိုကို ခေါ်ယူဖို့ ပေါင်သန်း (၆၀) နဲ့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်နဲ့ ဆက်ဆံရေးပြိုကွဲနေပြီး အခုနွေမှာ အသင်းသစ် ရှာဖွေဖို့ ညွှန်းကြားခံထားရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အဲဒီအနေအထားမှာ နာပိုလီအသင်းက ဂါနာချိုကို စျေးပေါပေါနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပြီး ပေါင် (၄၅) သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုတွေမှာ အသင်းနဲ့ပူးပေါင်းခွင့်မရဘဲ တစ်ယောက်တည်း လေ့ကျင့်နေတယ်လို့ သတင်းထွက်နေပါတယ်။