
လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ပေါင်သန်း (၇၀) စျေးနှုန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် (၂၆) နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၄၇) ပွဲမှာ (၇) ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
ဒါကြောင့် ဒါဝင်နူးနက်ဇ်ဟာ အခုနွေမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီး သူ့ကို ခေါ်ယူဖို့ စီးရီးအေချန်ပီယံ နာပိုလီအသင်းက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ ၂၀၂၂ နွေရာသီက ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းသို့ Add-ons ကြေးတွေအပါအဝင် ပေါင် (၈၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒါဝင်နူးနက်ဇ်ကို ခေါ်ယူစဉ်က အများကြီး အရှုံးခံရောင်းထုတ်ဖို့ ဆန္ဒမရှိဘဲ ပေါင်သန်း (၇၀) ရမှသာ ရောင်းထုတ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
နာပိုလီအသင်းကတော့ ဒါဝင်နူးနက်ဇ်အတွက် ပေါင် (၅၅) သန်းသာ အသုံးပြုလိုနေတယ်လို့ သိရပါတယ်။ အဲဒီပမာဏမှာ လီဗာပူးလ်အသင်း အလိုရှိနေတဲ့ ကြေးနဲ့ များစွာကွာဟနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ မလွယ်ဘူးလို့ သုံးသပ်မှုတွေ ရှိနေတာပါ။