Eleven Media Group

အလွန်ဆို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့ ဂါရတ်ဘေးလ် ထောက်ခံ

Photo: Getty Images

ရီးယဲလ်အသင်းရဲ့ ကစားသမားဟောင်း ဂါရတ်ဘေးလ်က ရီးယဲလ်နည်းပြသစ် အလွန်ဆိုအနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
အလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ PSG အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းကို အားဖြည့်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာကြောင့် ဘေးလ်က ထောက်ခံပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''အလွန်ဆိုအနေနဲ့ လေဗာကူဆင်အသင်းမှာ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အခု ပိုကောင်းတဲ့ကစားသမားတွေနဲ့ အလုပ်လုပ်ခွင့်ရလာပြီး ပိုကြီးမားတဲ့ အပြောင်းအရွှေ့တွေလည်း လုပ်ရတော့မှာပါ။ ရီးယဲလ်အသင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်ပြီး အလွန်ဆိုလိုချင်တဲ့အတိုင်း ကစားနိုင်မယ့်သူတွေ ရရှိလာမယ်လို့လည်း မျှော်လင့်ပါတယ်။ သူက ဘယ်ကစားသမားကိုမှ ချန်လှပ်ထားဖို့ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး'' လို့ ဘေးလ်က ပြောကြားခဲ့ပါတယ်။
အလွန်ဆိုက လေဗာကူဆင်အသင်းကို ၂၀၂၃-၂၄ ရာသီမှာ ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး အခုနွေရာသီမှာ ရီးယဲလ်အသင်းရဲ့ နည်းပြအဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာပါ။
အလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အများကြီးသင်ယူခဲ့ရပြီး ဘာတွေတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသလဲဆိုတာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မူရင်းသတင်း — Eleven Media Group