Eleven Media Group

မာဒူအေကေကို ပေါင်(၅၂)သန်းနဲ့ အာဆင်နယ် သဘောတူညီမှုရရှိ

Photo: X

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား မာဒူအေကေကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးပေါင်(၅၂)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ မာဒူအေကေ(၂၃ နှစ်)ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး အခု ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မာဒူအေကေဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့မှာ PSV ကနေ ချယ်လ်ဆီးကို ပေါင်(၂၈.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားသူပါ။
မာဒူအေကေဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၄၆)ပွဲကစားရာမှာ (၁၁)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး နည်းပြ မာရက်စကာက အလုပ်ကြိုးစားသူတစ်ယောက်အဖြစ် မှတ်ချက်ပေးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းက ဘယ်ခြမ်းတိုက်စစ်ကို အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး ကစားသမားများစွာကို ပစ်မှတ်ထားခဲ့တဲ့အနက် မာဒူအေကေကို သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက မာဒူအေကေကို (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း အပြောင်းအရွှေ့အပြီးသတ်နိုင်လိမ့်မယ်လို့ နာမည်ကျော်ဂျာနယ်လစ်တွေက ဖော်ပြခဲ့ကြပါတယ်။

မူရင်းသတင်း — Eleven Media Group