Eleven Media Group

ဂျိုတာနဲ့ အန်ဒရေတို့ရဲ့ကား အရှိန်လွန်မောင်းနှင်ခဲ့ခြင်းမရှိဘူးလို့ ထရပ်ကားယာဉ်မောင်း ဖွင့်ဟ

Photo: Getty Images

ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ ဂျိုတာနဲ့ အန်ဒရေတို့ရဲ့ကားဟာ အရှိန်လွန်မောင်းနှင်ခဲ့ခြင်းမရှိဘူးလို့ အဲဒီဖြစ်ရပ်ကို ပထမဆုံးဗီဒီယိုရိုက်ကူးခဲ့တဲ့ ထရပ်ကားယာဉ်မောင်းဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုတာ (၂၈ နှစ်) နဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗား (၂၅ နှစ်)တို့ဟာ ဇူလိုင် ၃ ရက်က စပိန်နိုင်ငံမြောက်ပိုင်း ဇာမိုရာပြည်နယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးခဲ့တာပါ။
စပိန်ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြိုအစီရင်ခံစာအရ အဆိုပါကားဟာ အခင်းဖြစ်ပွားချိန်မှာ အရှိန်လွန်မောင်းနှင်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း၊ တာယာပြုတ်ထွက်ပြီးနောက် လမ်းဘေးရှိ အတားအဆီးကို ဝင်တိုက်ကာ မီးလောင်သွားခြင်းဖြစ်တဲ့အတွက် အရှိန်လွန်မောင်းနှင်ခဲ့ခြင်းဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ကြိုးပမ်းနေကြောင်း ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအပေါ် အငြင်းပွားမှုတွေ ရှိနေစဉ်မှာ အဲဒီဖြစ်ရပ်ကို ပထမဆုံး ဗီဒီယိုရိုက်ကူးခဲ့တဲ့ ထရပ်ကားယာဉ်မောင်း ဖြစ်သူက ''ကျွန်တော် ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ပြီးတော့ ရပ်လိုက်ပြီး ကူညီဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး။ အဲဒီညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်သိပါတယ်။ ကားထဲမှာ ဘယ်သူတွေရှိနေလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့ရဲ့မိသားစုတွေအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ သူတို့ကားက အရှိန်မလွန်ဘူးဆိုတာ မိသားစုတွေကို ကျွန်တော်ပြောထားပါတယ်။ ကားရဲ့ ပုံစံ၊ ကားရဲ့အရောင်ကို ကျွန်တော်မြင်ရပါတယ်။ ကျွန်တော်က ဒီလမ်းပေါ်မှာ တနင်္လာကနေ စနေနေ့အထိ နေ့တိုင်းမောင်းနေတာပါ။ ဒီလမ်းက ဘယ်လိုလမ်းမျိုးလဲဆိုတာ ကျွန်တော်သိပါတယ်။ အခုလိုဖြစ်ရတာမတန်ပါဘူး။ လမ်းက မှောင်နေတယ်။ ကားရဲ့ပုံစံ၊ ကားရဲ့အရောင် အားလုံးကို ကျွန်တော် သေချာမြင်ရပါတယ်။ ကံမကောင်းစွာပဲ အခုလို အဆုံးသတ်ခဲ့ရတာပါ'' လို့ ပေါ်တူဂီဘာသာနဲ့ ပြောကြားခဲ့ပါတယ်။
ဂျိုတာဟာ ပေါ်တိုမြို့မှာ အသေးစားအဆုတ်ခွဲစိတ်မှုပြုလုပ်ခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာ အကြံပေးမှုအရ လီဗာပူးလ်အသင်း လေ့ကျင့်မှုစတင်မယ့် အင်္ဂလန်နိုင်ငံကို လေယာဉ်နဲ့ မပြန်ဘဲ စပိန်နိုင်ငံ၊ ဆန်တန်ဒါမြို့ကတစ်ဆင့် သင်္ဘောနဲ့ပြန်ဖို့ သွားရောက်စဉ် ဒေသစံတော်ချိန် ည ၁၂ နာရီခွဲဝန်းကျင်မှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရတာပါ။

မူရင်းသတင်း — Eleven Media Group