
မွန်ပြည်နယ် မုဒုံမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်တစ်ဦးက ရွှေထည်ပစ္စည်းများ လုယက်ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံ၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင် ၁၁ ရက်က နံနက် ၁၁ နာရီခွဲခန့်က အဆိုပါရွှေဟင်္သာဈေးမျက်နှာစာရှိ “ရွှေရတနာဦး” ရွှေဆိုင်သို့ သေနတ်သမား အမျိုးသားတစ်ဦး ရောက်ရှိလာပြီးနောက် ဆိုင်ရှင်သားအဖ နှစ်ဦးအား ပစ္စတိုသေနတ်ပြကာ ရွှေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သေနတ်သမားက ရွှေဆိုင်ရဲ့ ဆိုင်ခုံပေါ်ခုံတက်ပြီးတော့ အရင်ဆုံး ဆိုင်ပိုင်ရှင်သမီးဖြစ်တဲ့ မပပကို သေနတ်နဲ့ထုရိုက်တာတွေလုပ်ခဲ့တယ်။ ပြီးတော့ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးပန်းလာကိုလည်း သေနတ်နဲ့ နှစ်ချက်ပစ်ပြီး ဈေးအပြင်ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောကြားသည်။
သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည့် ဦးပန်းလာမှာလည်ပင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာ၌ပင် သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားစဉ် လူအများဝိုင်းအုံလာသည့်အတွက်ကြောင့် သေနတ်သမားမှာလည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
သေနတ်သမားဖြစ်သူ စီးနင်းလာသည့် ဆိုင်ကယ်မှာ ဈေးအတွင်းကျန်ရစ်ခဲ့ကြောင်းနှင့် ရွှေဆိုင်ပိုင်ရှင်သမီးဖြစ်သူ မပပမှာလည်း ၎င်းရရှိထားသည့် ဒဏ်ရာများအား မုဒုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုဖြစ်စဉ်ကြောင့် အဆိုပါရွှေဟင်္သာဈေးအတွင်းရှိ ရွှေဆိုင်များ ပိတ်သိမ်းထားကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။