Eleven Media Group

မက်အယ်လစ္စတာကို ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန် ရီးယဲလ် စီစဉ်နေ

Photo: beIN SPORTS

ရီးယဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာကို ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ရီးယဲလ်နည်းပြ ရှာဘီအလွန်ဆိုဟာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ PSG ကို ၀-၄ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့နောက် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူပေးဖို့ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ထံ တောင်းဆိုထားကြာင်း သိရပါတယ်။
အလွန်ဆိုဟာ ဇွန်လ ၁ ရက်နေ့မှာ ရီးယဲလ်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ပထမဆုံးယှဉ်ပြိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိခဲ့ပေမဲ့ PSG အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။
အဲဒီပွဲမတိုင်မီကတည်းက ရီးယဲလ်အသင်းရဲ့ ကွင်းလယ်အင်အားအပေါ် ဝေဖန်ထောက်ပြမှုတွေရှိခဲ့ပြီး ကစားသမားဟောင်း တိုနီကရို့စ်ကလည်း သူ့လိုကစားသမားမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အခု အလွန်ဆိုက တိုက်စစ်ရော ခံစစ်မှာပါ တာဝန်ယူနိုင်စွမ်းရှိပြီး အသင်းရဲ့ ကစားကွက်ကို ဦးဆောင်နိုင်မယ့် ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက အာဂျင်တီးနားကွင်းလယ်ကစားသမား မက်အယ်လစ္စတာဟာ အလွန်ဆို အလိုရှိသည့် အရည်အသွေးတွေနဲ့ ကိုက်ညီသူဖြစ်တာကြောင့် ရီးယဲလ်အသင်းက ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေတာပါ။
အလွန်ဆိုက သူ အကြိုက်မတွေ့တဲ့ ကစားသမားတွေဖြစ်တဲ့ ရိုဒရီဂို၊ ဘရာဟင်ဒီယက်ဇ်နှင့် စီဘယ်ယော့စ်တို့ကို ရောင်းထုတ်ဖို့လည်း အသင်းကို တိုက်တွန်းထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group