
ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ဇူလိုင် ၁၁ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက နေအိမ်နှင့် နှစ်မိုင်ခန့် ဝေးသည့် တောင်ယာထဲတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ပြီး အခင်းနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သုံးကြိမ်တိုင်တိုင် အနိုင်ရရှိထားသူဖြစ်သည်။
မောက်မယ်မြို့နယ်တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့များ လှုပ်ရှားမှုများရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ PDF များနှင့် လက်နက်ကိုင်အဖွဲ့များက ဒလန်စွပ်စွဲချက်ဖြင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် ကလေးငယ် ၃၄၀ ဦး၊ အစိုးရဝန်ထမ်း ၁,၂၃၆ ဦး၊ ဆရာ/ဆရာမ ၁၁၄ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး၊ နိုင်ငံရေးပါတီဝင်များ အပါအဝင် အရပ်သား ၉,၀၃၅ ဦး သတ်ဖြတ်ခံထားရကြောင်း နစက၏ စာရင်းများ အရသိရသည်။
အခြားတစ်ဖက်တွင်လည်း AAPP အဖွဲ့၏ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက် စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် သေဆုံးသူ ၆၉၃၄ ဦးရှိကြောင်း ဖော်ပြထားပြီး AAPP အဖွဲ့၏ စာရင်းများသည် အချက်အလက်ခိုင်မာမှုမရှိသည့် စာရင်းများပါဝင်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ထားသည်။
လက်ရှိတွင် နှစ်ဖက်စာရင်းများအရ သေဆုံးသူသည် ဦးရေ ၁၅၀၀၀ ခန့်ရှိပြီဟု ဆိုရမည်ဖြစ်သည်။
Photos - ဦးစိုင်းငေါင်းဆိုင်ဟိန်း Facebook၊ USDP