
ကိုလံဘီယာအဆိုတော် ဂျေဘော်လ်ဗင်က ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ Half-time Show အတွက် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ည မြန်မာစံတော်ချိန် (၁း၃၀)နာရီမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ Half-time Show အစီအစဉ် ပါဝင်မှာဖြစ်ပြီး ဂျေဘော်လ်ဗင်နဲ့အတူ ဒိုဂျာကတ်နဲ့ တမ်းစ်တို့ ဖျော်ဖြေကြမှာပါ။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် Half-time Show ထည့်သွင်းခြင်းဖြစ်ပြီး ဒီလို သမိုင်းဝင်အခိုက်အတန့်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း ဂျေဘော်လ်ဗင်က ပြောကြားခဲ့ပါတယ်။
''ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ လက်တင်(တောင်အမေရိကတိုက်သား)တစ်ယောက်အနေနဲ့ အခုလိုတင်ဆက်ခွင့်ရတာ ဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော်က ဘောလုံးနဲ့ နီးနီးစပ်စပ်ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော် ဘောလုံးကစားတာ မကောင်းပေမဲ့ အများကြီး ကစားခဲ့ဖူးပါတယ်။ ဗိုလ်လုပွဲ ကစားခွင့်ရတဲ့ နှစ်သင်းစလုံးအတွက် ဂုဏ်ယူပါတယ်။ နှစ်သင်းစလုံးမှာ ကျွန်တော့်မိတ်ဆွေတွေ ရှိပါတယ်။ ဒီပွဲမှာ ဖျော်ဖြေရမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ်'' လို့ ဂျေဘော်လ်ဗင်က ပြောကြားခဲ့ပါတယ်။
ဂျေဘော်လ်ဗင်က ဆုတံဆိပ်များစွာရရှိထားတဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး (၁၇)နှစ်အရွယ်ကတည်းက အမေရိကန်ကို ရောက်ရှိခဲ့သူပါ။