Eleven Media Group

လက်ရှိဂိုးသမားနဲ့ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်း ဆုဖလားရယူနိုင်မှာမဟုတ်ဘူးလို့ မီခေးလ် သုံးသပ်

Photo: Getty Images

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အိုဘီမီခေးလ်က ချယ်လ်ဆီးအသင်းအနေနဲ့ လက်ရှိဂိုးသမားနဲ့သာ ရှေ့ဆက်ခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ ဘာဆုဖလားမှ ရယူနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ လက်ရှိနံပါတ်(၁)ဂိုးသမားက စပိန်လက်ရွေးစင် ရောဘတ်ဆန်းချက်ဇ်ဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်အသင်းကနေ ခေါ်ယူထားတာပါ။
ရောဘတ်ဆန်းချက်ဇ်အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ အမှားအယွင်းများခဲ့သလို၊ ဒုတိယဂိုးသမားဖြစ်တဲ့ ဂျော်ဂျန်ဆန်ကလည်း အားထားလို့မရတာကြောင့် လက်ရှိအချိန်မှာ ဂိုးသမားသစ် ရှာဖွေနေကြောင်း သတင်းထွက်နေပါတယ်။
ဒီလိုအခြေအနေမှာ မီခေးလ်ကလည်း ဂိုးသမားသစ် ခေါ်ယူဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့တာပါ။
'' ကျွန်တော်တို့ ထိပ်တန်းဂိုးသမားတစ်ဦး လိုအပ်နေတယ်ဆိုတာ ချယ်လ်ဆီးပရိသတ်အများစုကလည်း သဘောတူကြမှာပါ။ ရာသီသစ်ကို ဆန်းချက်ဇ်နဲ့အတူ ကျွန်တော်တို့ မသွားနိုင်ပါဘူး။ ဆန်းချက်ဇ်က ဆုဖလားတွေ ရယူပေးနိုင်မယ့် ဂိုးသမား မဟုတ်ဘူးဆိုတာ ချယ်လ်ဆီးပရိသတ် (၉၉)ရာခိုင်နှုန်း သဘောတူမှာ သေချာပါတယ်'' လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက PSG ဂိုးသမား ဒွန်နာရမ်မာနဲ့ အေစီမီလန်ဂိုးသမား မီနွန်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group