Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမိုးပါတဲ့ကွင်းတွေကို အသုံးပြုမယ်လို့ အင်ဖန်တီနို  ပြောကြား

Photo: Getty Images

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမိုးပါတဲ့ကွင်းတွေ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး ပွဲအများစုကို အမေရိကန်မှာ ကျင်းပမှာပါ။
ပြိုင်ပွဲကာလက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့ ဇွန်-ဇူလိုင်ကာလပဲဖြစ်တာကြောင့် အပူချိန်မြင့်မားမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဒါကြောင့် ဝေဖန်ထောက်ပြမှုတွေရှိနေပြီး ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ကမ္ဘာ့ဖလားကျင်းပမယ့်အချိန်က အလွန်အန္တရာယ်များကြောင်းနဲ့ ပြန်လည်သုံးသပ်သင့်ကြောင်း ဆိုခဲ့ပါတယ်။
အင်ဖန်တီနိုကတော့ '' ဝေဖန်မှုတွေအားလုံးကို ကျွန်တော်တို့ လက်ခံထားပြီး ဘယ်လိုပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ ဆန်းစစ်ပါတယ်။ အပူချိန်က အဓိကကျတဲ့ အကြောင်းအရာတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်က ပါရီအိုလံပစ်ပြိုင်ပွဲကို အလွန်ပူပြင်းတဲ့ အခြေအနေမှာ နေ့ပွဲတွေအဖြစ် ကျင်းပသွားခဲ့ပါတယ်။ Cooling break ကလည်း အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။ ကျွန်တော်တို့မှာ အမိုးပါတဲ့ကွင်းတွေ ရှိနေပြီး အဲဒီကွင်းတွေကို လာမယ့်နှစ်မှာ သေချာပေါက်အသုံးပြုသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group