Eleven Media Group

ပရက်စတန်နဲ့ ခြေစမ်းပွဲမတိုင်ခင် ဂျိုတာအတွက် အာနယ်ဆလော့ ဂုဏ်ပြုစကား ပြောကြား

Photo: Getty Images

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ပရက်စတန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမတိုင်ခင် ဂျိုတာအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီကြိုကာလ ပထမဆုံး ခြေစမ်းပွဲအဖြစ် ဒီနေ့ည (၈း၃၀)နာရီမှာ ပရက်စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒါဟာ ဂျိုတာ ကွယ်လွန်ပြီးနောက်ပိုင်း ပထမဆုံး ယှဉ်ပြိုင်ကစားတဲ့ပွဲလည်းဖြစ်ပါတယ်။
ဒါကြောင့် လီဗာပူးလ်ပရိသတ်တွေက ဂျိုတာကို အမှတ်ရနေကြောင်း ပြသတဲ့ စာတန်းတွေ၊ ဝတ်စုံတွေနဲ့ လာရောက်အားပေးကြည့်ရှုခဲ့ကြသလို၊ နှစ်သင်းစလုံးကလည်း လက်ပတ်အနက်တွေ ဝတ်ဆင်ကစားခဲ့ကြကြောင်း သိရပါတယ်။
အဲဒီပွဲမတိုင်ခင်မှာ အာနယ်ဆလော့က အသင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ ဂျိုတာကို ဂုဏ်ပြုစကားပြောကြားခဲ့တာပါ။
''ဒီဖြစ်ရပ်က ကျွန်တော်တို့အပေါ် သက်ရောက်မှုအများကြီးရှိခဲ့တယ်ဆိုပေမဲ့ သူ့ကို ဆုံးရှုံးခဲ့ရတဲ့ သူ့မိဘတွေ၊ သူ့ဇနီးနဲ့ သူ့ကလေးတွေ၊ သူ့ရဲ့ တခြားသောမိသားစုတွေရဲ့ ခံစားချက်နဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။ သူနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပထမဆုံးခံစားရတာက ဝမ်းနည်းတာပါ။ ကျွန်တော့်စိတ်ထဲမှာဖြစ်လာတဲ့ ဒုတိယခံစားမှုကတော့ ဂုဏ်ယူတာပါ။ သူ့မိဘတွေနဲ့ သူ့ဇနီးအနေနဲ့လည်း ဂုဏ်ယူနိုင်မယ်လို့ ထင်ပါတယ်။ သူက ကစားသမားအနေနဲ့ရော လူပုဂ္ဂိုလ်အနေနဲ့ပါ ချီးကျူးစရာကောင်းတဲ့သူပါ'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group