Eleven Media Group

မကြာခင် ပါလ်မာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့ ရောဘတ်ဆန်းချက်ဇ် ချီးကျူး

Photo: X

ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်က အသင်းဖော် တိုက်စစ်ကစားသမား ပါလ်မာဟာ မကြာခင် ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
ပါလ်မာဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ (၂)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုနဲ့ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုတွေလည်း ရရှိခဲ့ပါတယ်။
ဒါကြောင့် ရောဘတ်ဆန်းချက်ဇ်နဲ့အတူ တခြားအသင်းဖော်တွေကလည်း ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရောဘတ်ဆန်းချက်ဇ်က ''ကိုးလ်ပါလ်မာက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ အခု မဟုတ်သေးဘူးဆိုရင် လာမယ့် (၂)နှစ်၊ (၃)နှစ်အတွင်း ဖြစ်လာမှာပါ။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ ပွဲတိုင်းမှာ ပြသနိုင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးတိုက်စစ်မှူးသစ် ဒီလပ်ကလည်း ''သူ့ရဲ့ စွမ်းဆောင်ရည်က မယုံနိုင်စရာပါပဲ။ သူက ကမ္ဘာ့အဆင့် ကစားသမားဆိုတာကို ဒီနေ့ ပြသသွားခဲ့တာပါ'' လို့ ပြောကြားခဲ့ပါတယ်။
နောက်ခံလူ ဂတ်စ်တိုကလည်း ''သူက အသင်းကို ပျော်ရွှင်အောင် ဘယ်လိုကူညီပေးရမလဲဆိုတာ သိထားတဲ့သူပါ။ သူ့လိုကစားသမားမျိုး အသင်းမှာ ရှိနေတဲ့အတွက် အရမ်းပျော်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group