
ရေးမြို့နယ် ဒူးယားကျေးရွာမှ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းအချိန်က ရေးမြို့နယ် ဒူးယားကျေးရွာနေ အသက် (၅၀ ) နှစ်ခန့်ရှိ ဒေသအခေါ် ဦးကရင်ဆိုသူမှာ ဒူးယားကျေးရွာမှ ရေးမြို့သို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အဘော် - ဒူးယား လမ်းပိုင်းတွင် အမည်မသိ သေနတ်သမားနှစ်ဦးမှ ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အခင်းဖြစ်ပွားပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီးတော့ အဘော် - ဒူးယားလမ်းပိုင်းကို ပိတ်ဆိုပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာမျိုးတွေ့ရပါတယ်။ ပြီးတော့ ဦးကရင် ရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေးရုံကိုပို့ဆောင်လိုက်တယ်။ ပြီးတော့ ဒူးယားကျေးရွာကို ပြန်ယူလာပြီးတော့ ရွာမှာရှိတဲ့ သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ဦးကရင်မှာ ဒူးယားကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရကြောင်းနှင့် ၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်းလည်း ၎င်းကဆိုသည်။
ဦးကရင်အား ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်ခဲ့သူများမှာ မွန်ဘာသာစကားပြောဆိုသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့မှ ဖြစ်နိုင်ကြောင်းလည်း ဒေသခံများ၏ သုံးသပ်ပြောဆိုမှုများရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်နေ့ ကလည်း ရေးမြို့နယ် စံပြကျေးရွာနေ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးအား အမည်မသိ သေနတ်သမား (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ထိုအမျိုးသား၏ ဦးခေါင်း နှင့် ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။