Eleven Media Group

ချန်ပီယံဆုနဲ့ အောင်ပွဲခံချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရှိနေတဲ့အတွက် အနည်းငယ်စိတ်ရှုပ်ခဲ့ရတယ်လို့ ပါလ်မာ ဝန်ခံ

Photo: Getty Images

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ချယ်လ်ဆီးကစားသမား ပါလ်မာက ချန်ပီယံဆုနဲ့ အောင်ပွဲခံချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရှိနေတဲ့အတွက် အနည်းငယ်စိတ်ရှုပ်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လာရောက်ကြည့်ရှုအားပေးခဲ့သလို၊ ဆုချီးမြှင့်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးကစားသမားတွေ ဆုဖလားကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့ချိန်အထိ ဆက်ရှိနေခဲ့တာကြောင့် ချယ်လ်ဆီးကစားသမားတချို့ အံ့အားသင့်ခဲ့ကြရပါတယ်။
'' ကျွန်တော်တို့ ဆုဖလားကိုင်မြှောက်ချိန်မှာ သူ စင်မြင့်ပေါ်မှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မသိထားပါဘူး။ ဒါကြောင့် နည်းနည်းတော့ စိတ်ရှုပ်ခဲ့ရပါတယ်'' လို့ ပါလ်မာက ပြောကြားခဲ့ပါတယ်။
နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး အဓိပ္ပာယ်ဖော်တတ်သူရဲ့ ပြောကြားမှုအရ ချယ်လ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်က ဆုဖလားမြှောက်လို့ရပြီလားလို့ ဒေါ်နယ်ထရန့်ကို ခွင့်ပြုချက်တောင်းခဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဒေါ်နယ်ထရန့်က ပါလ်မာကို ဆုချီးမြှင့်ချိန်မှာ ''ငါက ချယ်လ်ဆီးအသင်းရဲ့ အကြီးစားပရိသတ်၊ မင်းရဲ့ အကြီးစားပရိသတ်'' လို့ ပြောကြားခဲ့ကြောင်းလည်း အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group