
အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်းက စပိန်နောက်ခံလူ ခရစ္စသီယန်မော်စကွီရာကို ယူရိုသန်း(၂၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
မော်စကွီရာဟာ ဗလင်စီယာလူငယ်အသင်းက ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကစပြီး ဗလင်စီယာအသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်လာသူပါ။
အာဆင်နယ်အသင်းက မော်စကွီရာ(၂၃ နှစ်)ကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်သလို၊ ဗလင်စီယာအသင်းကိုလည်း ကနဦးပြောင်းရွှေ့ကြေးယူရို(၁၅)သန်းနဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဒါကြောင့် အရပ်(၆)ပေ၊ (၂)လက်မရှိတဲ့ ကစားသမားကို အခုရက်သတ္တပတ်အတွင်း ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ချယ်လ်ဆီးတောင်ပံကစားသမား မာဒူအေကေတို့ကိုလည်း ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။