Eleven Media Group

■ မိမိအတွက် ပီလီသာ GOAT ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိအတွက် ဘရာဇီးလ်ဘောလုံးဂန္ထဝင် GOAT ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ပွဲမစခင် DAZN နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။

ဘောလုံးကမ္ဘာမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒို ပရိသတ်တွေအကြား ဘယ်သူက GOAT ဖြစ်ကြောင်း ကာလကြာရှည် အငြင်းပွားနေချိန်မှာ ဒေါ်နယ်ထရမ့်က သူ့ရဲ့အမြင်ကို ပြောခဲ့တာဖြစ်တယ်။

''လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျွန်တော် ငယ်ရွယ်တဲ့အချိန်ကပေါ့။ ပီလီလို့ခေါ်တဲ့ ကစားသမားတစ်ယောဘက်ဟာ ကော့စမို့စ်လို့ခေါ်တဲ့ အသင်းမှာ ကစားခဲ့ပါတယ်။ ကျွန်တော့်အသက်ကို အတိအကျတော့ မပြောချင်တော့ပါဘူး။ နှစ်တွေက
လည်း အတော်ကြာခဲ့ပါပြီ။ သူ ကစားတာမြင်ရဖို့ ကျွန်တော် သွားခဲ့ပါတယ်။ သူက အံ့အားသင့်စရာကောင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အသံက ခေတ်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပီလီသာ ကြီးကျယ်ခမ်းနားဆုံးလို့
ပြောပါရစေ''လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုရုံသာမကဘဲ ဆုပေးပွဲအခမ်းအနားမှာလည်း FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့အတူ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံ ချယ်လ်ဆီးအသင်းသားတွေ ဆုဖလားလက်ခံရယူအပြီး အောင်ပွဲခံတဲ့အချိန်မှာ ဒေါ်နယ်ထရမ့် ဆုစင်မြင့်ထက်မှာ ဆက်ရှိနေတာကလည်း လူမှုကွန်ရက်မှာ လူပြောများခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group