
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နယူးကာဆယ်အသင်းကို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ အီဆက်ခ်ကို ခေါ်ယူလိုကြောင်း နယူးကာဆယ်အသင်းကို တရားဝင်ဆက်သွယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးပေမဲ့ သူတို့အနေနဲ့ အီဆက်ခ်အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း (၁၃၀) အထိ ပေးချေဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ နယူးကာဆယ်အသင်းဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ အီဆက်ခ်ကို ရောင်းချလိုခြင်းမရှိဘူးလို့ သိရပါတယ်။
အီဆက်ခ်ဟာ ၂၀၂၂ နွေရာသီမှာ ဆိုစီဒက်အသင်းကနေ နယူးကာဆယ်အသင်းဆီသို့ ပေါင် (၆၃) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲမှာ (၂၇) ဂိုးသွင်းယူခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုနွေမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဒီယက်ဇ်နဲ့ ဒါဝင်နူးနက်ဇ်တို့ရဲ့ နေရာမှာ အစားထိုးဖို့ အီဆက်ခ်ကို စိတ်ဝင်စားနေတာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အဆင်မပြေဘူးဆိုရင် ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကို ပြောင်းလဲခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။