Eleven Media Group

■ စီရော်နယ်လ်ဒိုဟာ တစ်ပတ်လစာ ပေါင် (၁) ဘီလီယံ ရသင့်သူဖြစ်တယ်လို့ ဆာဟာ ပြောကြား

Photo: Getty Images

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာက သူ့ရဲ့အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့စွမ်းဆောင်မှုတွေကြောင့် တစ်ပတ်လစာ ပေါင် (၁) ဘီလီယံ ရသင့်သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၂၃ နှစ်ကုန်ပို်င်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ကမ္ဘာ့စံချိန်တင်လစာ ပြောင်းရွှေ့ခဲ့တာပါ။

သူဟာ လက်ရှိမှာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားပြီး တစ်ပတ်လစာ ပေါင် (၃.၂)သန်း ရရှိနေကာ ဘောလုံးသမားတွေထဲမှာ စံချိန်တင်အမြင့်ဆုံးလစာ ရရှိနေတာလည်း ဖြစ်ပါတယ်။

ဆာဟာက စီရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာအသင်းမှာ ထိုက်တန်တဲ့လစာကို ရရှိနေတာဖြစ်ပြီး သူ လုပ်ပေးခဲ့တာတွေအတွက် တစ်ပတ် ပေါင် (၁) ဘီလီယံတောင် ရသင့်တယ်လို့ ပြောကြားခဲ့တာပါ။

ဆာဟာက "စီရော်နယ်လ်ဒိုဟာ ဆော်ဒီရဲ့ ဘောလုံးသံတမန်ပါ။ သူ့ကြောင့် အရည်အသွေးမြင့်တဲ့ နာမည်ကျော်ကစားသမားတွေကို ဆော်ဒီလိဂ်က ဆွဲဆောင်နိုင်ခဲ့တာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ အသက်အရွယ်ကြီးရင့်လာပေမဲ့ ထိပ်တန်းခြေစွမ်းရှိနေဆဲဖြစ်လို့ စာချုပ်သစ်ချုပ်ဆိုတာလည်း ထိုက်တန်ပါတယ်။ ဘောလုံးအတွက် စီရော်နယ်လ်ဒို လုပ်ပေးခဲ့တာတွေက တစ်ပတ်ကို ပေါင် (၁) ဘီလီယံတောင် ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ အသက် (၄၀) ကျော်ပြီဖြစ်ပေမဲ့ အသက် (၂၅) နှစ်သားလို အောင်မြင်မှုတွေကို ဆာလောင်နေတုန်းပါပဲ။ သူလို လုပ်နိုင်တဲ့ကစားသမား မရှိပါဘူး"လို့ ပြောကြားခဲ့တာပါ။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲမှာ (၃၅) ဂိုးအထိ သွင်းယူခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group