Eleven Media Group

■ နွမ်နယ်ရီကို နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုဖို့ အာဆင်နယ်အသင်း နီးစပ်

အာဆင်နယ်အသင်းဟာ အသင်းလူငယ်တောင်ပံတိုက်စစ်ကစားသမား နွမ်နယ်ရီကို နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အသက် (၁၈) နှစ်အရွယ် နွမ်နယ်ရီဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နာမည်ရလာသူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ နွမ်နယ်ရီဟာ လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး လာမယ့် ၂၀၂၆ နွေမှာ သူ့ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြတာပါ။

အာဆင်နယ်အသင်းဟာ နွမ်နယ်ရီကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ကစားသမားအနေနဲ့ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ညာတောင်ပံတိုက်စစ်ကစားသမား ဆာကာရဲ့နေရာမှာ အဓိက ကစားခဲ့ပေမဲ့ လာမယ့်ရာသီမှာတော့ ခြေစွမ်းကျရိပ်ပြလာတဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ပြောင်းလဲကစားရဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

အင်္ဂလန်လူငယ်တောင်ပံတိုက်စစ်ကစားသမား နွမ်နယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၉) ပွဲပါဝင်ကစားခဲ့ပြီး (၉) ဂိုး သွင်းယူခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group