Eleven Media Group

■ ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ဘယ်လင်ဟမ် (၁၂) ပတ်အထိ အနားယူရဖွယ်ရှိ

Photo: Getty Images

ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ ပခုံးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့တာကြောင့် (၁၂) ပတ်အထိ အနားယူရဖွယ်ရှိနေပြီး ရီးယဲလ်ရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်မယ်လို့ သိရပါတယ်။

အသက် (၂၂) နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ပခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပခုံးမှာ အကာအကွယ်ဝတ်ဆင်ကာ တောက်လျှောက်ကစားခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ပခုံးဒဏ်ရာကို ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကုန်ကတည်းက ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခုမှခွဲစိတ်ကုသမှု ခံယူခဲ့တာပါ။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်အရ ဘယ်လင်ဟမ်ရဲ့ ခွဲစိတ်ကုသမှုမှာ အောင်မြင်ပြီး လက်ရှိမှာ သူ့အနေနဲ့ အမြန်ဆုံးပြန်ကစားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘယ်လင်ဟမ် အနားယူရမယ့်ကာလကို ထုတ်ပြန်ခဲ့ခြင်းမရှိပေမဲ့ မီဒီယာတွေကတော့ ဘယ်လင်ဟမ်အနေနဲ့ (၁၀) ပတ်ကနေ (၁၂) ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါကြောင့် ဘယ်လင်ဟမ်အနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ရာသီအစပိုင်းပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းလောက်မှ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group