
ဘီလ်ဘာအိုတောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်က ဘာစီလိုနာကို ငြင်းပယ်ပြီး ဘီလ်ဘာအိုအသင်းနဲ့ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ပါတယ်။
အသက် (၂၃) နှစ်အရွယ် စပိန်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်ဟာ အခုနွေမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ အရမ်းနီးစပ်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဘီလ်ဘာအိုအသင်းနဲ့ ၂၀၃၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
နီကိုဝီလီယံစ်ဟာ အခုနွေမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဘီလ်ဘာအိုအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
နီကိုဝီလီယံစ်က "ကျွန်တော်တို့အတွက် ရှည်လျားတဲ့ ရာသီတစ်ခုက စောင့်မျှော်နေပါတယ်။ ဘောလုံးသမားတိုင်း ကစားချင်ကြတဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဗိုလ်စွဲချင်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ကျွန်တော့်ဘဝတစ်လျှောက်ကစားလာတဲ့ အသင်းနဲ့အတူ ရတာက ပိုကောင်းတာပေါ့။ ဆမ်းမားမီးစ်(ဘီလ်ဘာအိုအသင်းရဲ့အိမ်ကွင်း)မှာ ကျွန်တော့်အနေနဲ့ ပရိသတ်တွေနဲ့အတူ၊ မိသားစုနဲ့အတူ သမိုင်းသစ်တွေ ထပ်ရေးဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပရိုကစားသမားဘဝတစ်လျှောက်လုံး ဘီလ်ဘာအိုအသင်းတစ်သင်းတည်းမှာပဲ ကစားခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘီလ်ဘာအိုအသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲမှာ (၁၁) ဂိုးသွင်းယူခဲ့ပါတယ်။