
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာရှိ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူလေးဦးအား ဇူလိုင် ၇ ရက်က ပျဉ်းမနားခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ဒေါ်စန္ဒာမိုးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများကို ပျဉ်းမနားခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
တရားခံများအား ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၆၄/၂၀၂၄ ဖြင့် လက်ခံစစ်ဆေးပြီး တရားခံ (၁) မျိုးမင်းထွန်း၊ (၂) ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ (၃) ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့် (၄) ဖြိုးဝေလင်း (ခ) ကရင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်နှင့် (၁)(၂)(၃) တရားခံတို့အား ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရလည်းကောင်း၊ (၄) တရားခံသည် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူများ၏ ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝန်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်သည် ၎င်း၏အလုပ်ရှင်ဖြစ်သူမှတစ်ဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုး သည် သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ငွေကြေးဆိုင်ရာ လိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအား သတ်ဖြတ်၍ ပစ္စည်းများလုယက် ယူဆောင်ရန် အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ၎င်း၏လုပ်ဖော်/ကိုင်ဖက်များဖြစ်ကြ သည့် မျိုးမင်းထွန်းနှင့် ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲတို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်သည်။
အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၆ ရက်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုရန်အတွက် အရိုးအသွား ၁၀ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် နှစ်ချောင်းအား ချယ်ရီဈေးမှလည်းကောင်း၊ ရာဘာလက်အိတ် သုံးစုံအား သုခတော်ဝင်အိမ်ရာဝန်းအတွင်းရှိ ဆေးဆိုင်မှလည်းကောင်း ဝယ်ယူကာ ည ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)သို့ သွားရောက်ခဲ့ပြီး ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံစကားပြောနေစဉ် ဒေါ်စန္ဒာမိုးမှ ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုးသက်ပိုင်တို့မှ ဒေါ်စန္ဒာမိုးအား နောက်မှ သိုင်းဖက်ချုပ်ကိုင်ပေးပြီး ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲမှ အသင့်ယူဆောင်လာသော ဓားဖြင့် လေးချက်ခန့်ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် ၂၀၀၀၀ တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်ထားချက်အရ သိရသည်။