Eleven Media Group

■ ဂါနာချိုကို ဂျက်ဆန်နဲ့ အလဲအထပ်လုပ်ဖို့ မန်ချက်စတာယူနိုက်တက်အသင်း ဆန္ဒရှိနေ

Photo: Goal.com

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ကစားသမား ဂါနာချိုကို ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန်နဲ့ အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၁) နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ အသင်းနည်းပြ အာမိုရင်မ်နဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က ချိတ်ဆက်ခဲ့ဖူးပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ iNews ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန်ကို ခေါ်ယူလိုနေပြီး သူ့ကို ဂါနာချိုနဲ့ တိုက်ရိုက်အလဲအထပ်ပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၄) နှစ်အရွယ် ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ (၂)ရာသီအတွင်း ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ခဲ့ပေမဲ့ အခုနွေမှာ ဒီလပ်နဲ့ ဂျော်အိုပတ်ဒရိုတို့ ရောက်လာတာကြောင့် အသင်းကထွက်ခွာလိုနေတယ်လို့ သတင်းထွက်နေပါတယ်။

ချယ်လ်ဆီးအသင်းက ဂျက်ဆန်ကို ထိုက်တန်ကမ်းလှမ်းမှုတွေ ရှိလာရင် ရောင်းထုတ်ဖို့ စီစဉ်နေပြီး လက်ရှိမှာ သူ့ကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အပြင် အက်စတွန်ဗီလာနဲ့ အေစီမီလန်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group