Eleven Media Group

■ နာပိုလီအသင်းမှာ ဒီဘရိုင်းနား ခြေစွမ်းပြနိုင်မယ်လို့ အာရီဂိုဆက်ချီ သုံးသပ်

Photo: SSC Napoli

အေစီမီလန်ဂန္ထဝင်နည်းပြ အာရီဂိုက ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားအနေနဲ့ နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

စီးရီးအေလက်ရှိချန်ပီယံ နာပိုလီအသင်းဟာ အခုနွေမှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အသက် (၃၄) နှစ်အရွယ် ဒီဘရိုင်းနားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူကာ (၂) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။

အာရီဂိုဆက်ချီက ဒီဘရိုင်းနားကို ခေါ်ယူခဲ့တဲ့ နာပိုလီနည်းပြ ကွန်တီကို ချီးကျူးခဲ့ပြီး ဒီဘရိုင်းနားဟာ နာပိုလီအသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားဖြစ်လာမယ်လို့ ပြောကြားခဲ့တာပါ။

"ကွန်တီက အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာပါ။ ဒီဘရိုင်းနားဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ အခရာဖြစ်ခဲ့သလို၊ နာပိုလီအသင်းမှာလည်း အရမ်းအရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ။ သူက နာပိုလီအသင်းမှာ အနားယူဖို့ လာတာ မဟုတ်ပါဘူး။ သူဟာ နာပိုလီအသင်းမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ပတ်သက်ဖို့ လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အသည်းနှလုံးဖြစ်ပါလိမ့်မယ်"လို့ အာရီဂိုဆက်ချီက ပြောကြားခဲ့တာပါ။

နာပိုလီအသင်းဟာ အခုနွေရာသီမှာ ဒီဘရိုင်နားနဲ့ အမ်ပိုလီနောက်ခံလူ မာရီယန်နူချီတို့ကို ခေါ်ယူထားပြီး ဘိုလော့ဂ်နာနောက်ခံလူ ဘူကီမာနဲ့ အူဒီးနီးစ်တိုက်စစ်မှူး လူကာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group