Eleven Media Group

■ လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်း စိန်ခေါ်နိုင်မယ်လို့ အလန်ရှီးယား သုံးသပ်

Photo: Getty Images

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စကာရဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သလို၊ ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။

ဒါ့ပြင် ချယ်လ်ဆီးအသင်းဟာ အခုနွေမှာ ဒီလပ်၊ ဂျော်အိုပတ်ဒရို၊ ဂစ်တန်စ်အပါအဝင် ကစားသမား (၈) ဦးကို ပေါင်သန်း (၂၂၀) ကျော်အထိ အသုံးပြုပြီး ခေါ်ယူထားပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးအသင်းတို့နဲ့ အပြိုင် စိန်ခေါ်နိုင်လိမ့်မယ်လို့ အလန်ရှီးယားက သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလန်ရှီးယားက "ချယ်လ်ဆီးရဲ့ လတ်တလောအောင်မြင်မှုတွေအရဆိုရင် လာမယ့်ရာသီမှာ သူတို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မစိန်ခေါ်နိုင်ဘူးလို့ ပြောတဲ့သူဟာ တော်တော်သတ္တိကောင်းတဲ့သူ ဖြစ်ပါလိမ့်မယ်။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှု၊ သူတို့ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ ဆက်လက်ခေါ်ယူဦးမယ့် ကစားသမားတွေနဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group