
အယ်လ်နာဆာဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အသက် (၂၈) နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်တိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုနွေမှာ အသင်းကနေ ထွက်ခွာတောင်းထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
လက်ရှိမှာ ဒီယက်ဇ်ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၇) သန်း(ယူရိုသန်း ၁၀၀) အလိုရှိနေတယ်လို့ သိရပါတယ်။
အဲဒီအနေအထားမှာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒီယက်ဇ်ကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းကို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ SPORT က ဖော်ပြခဲ့ပါတယ်။
SPORT ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်း တောင်းဆိုထားတဲ့ကြေးကို ပေးနိုင်တာ အယ်လ်နာဆာအသင်းသာ ရှိပြီး မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဒီယက်ဇ်အနေနဲ့ ဆော်ဒီမှာ ကစားနိုင်ကြောင်း သိရပါတယ်။
နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ အဓိကဆုဖလားတွေ ရယူလိုနေတာကြောင့် အသင်းကို နာမည်ကျော်ကစားသမားတွေ အားဖြည့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။