Eleven Media Group

■ ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ မာတေးတာကို ခရစ္စတယ်ပဲလေ့စ်အသင်း စျေးနှုန်းသတ်မှတ်

Photo: Getty Images

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဥရောပထိပ်သီးအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ သူတို့တိုက်စစ်မှူး မာတေးတာကို ပေါင်သန်း (၃၀) စျေးနှုန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် (၂၈) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး မာတေးတာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ (၄၆) ပွဲမှာ (၁၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ခဲ့တာပါ။

ဒါကြောင့် အခုနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ စိတ်ဝင်စားနေသလို စီးရီးအေထိပ်သီးတွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အဲဒီအနေအထားမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်ရှိတော့တဲ့ မာတေးတာကို ပေါင်သန်း (၃၀) ရရင် ရောင်းထုတ်မယ်လို့ စျေးနှုန်းသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ မာတေးတာကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်အသင်းကတော့ အီဆက်ခ်၊ အီကီတိုက်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်မှသာ မာတေးတာကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group